အမေ့ကို ပြောပေးပါအဖေ


သား ပြောစရာရှိတယ် အဖေ ။
အဘွားလေ သားကို လမ်းခုလတ်မှာ
ပစ်ချထားခဲ့ပြီး ထွက်သွားတယ် ။
လှမ်းခေါ်တာတောင် လှည့်မကြည့်ဘူး ။
သား ကို သား ကောင်းကောင်းသိတာပေါ့ ။
သားခြေထောက်တွေလေ ..... .....
သူတို့တွေက လမ်းကောင်းကောင်းမလျှောက်တတ်သေးဘူး အဖေ ရ ။

အမေ့လက်ထဲမှာ
ကောင်လေးတစ်ယောက် ချီထားတယ် အဖေ ။
သား အကိုထင်တယ် ။
သားထက် အသက်ပိုကြီးလို့နဲ့ တူတယ်နော် ။
အမေ့လက်ပေါ်မှာ မြူးလို့ ပျော်လို့ ။
သူ့မှာလည်း အညိုအမဲတွေ အများကြီးပဲ အဖေ ။
ဆေးလေး ဘာလေး လိမ်းပေးလိုက်ပါဦး ။
နောက်ထပ်တစ်ခါ ချော်ချက်ကျနေပါဦးမယ် ။

ဟိုရှေ့ နားမှာ
ထမင်းရည်ပူစည်း တားထားတာ
လှမ်းမြင်နေရတယ် အဖေ ။
သား မဖြတ်ရဲဘူး ။
ထမင်းရည်ပူစည်းကို ကျော်တယ်ဆိုရုံလေး
ခဏလောက်တော့ ချီသွားပေးပါ အဖေ ။
ကျော်တယ်ဆိုရုံလေးပါ ။

သားအခန်းလေးက မှောင်လွန်း ကျဉ်းလွန်းတယ် အဖေ ။
ပြတင်းပေါက်တွေ ပိတ်ပိတ်ထားတာ
အသက်ရှူလို့လဲ မ၀ဘူး ။
ချက် ( ဂျက် ) တွေ လာဖြုတ်ပေးပါလား အဖေ ။
လောကကြီး ဘယ်လောက်စိမ်းလန်းတယ် ဆိုတာ
ကိုယ်တိုင် ကိုယ်ကျ မြင်ဖူးချင်လွန်းလို့ပါ ။

သား ဟိုနေ့ နေ့လည်က အိပ်ပျော်သွားရင်း
အိမ်မက်တစ်ခု မက်တယ် အဖေ ။
အိပ်မက်ထဲမှာ သားက
သား ကို သား ထိုင်ခုံလုပ်ပြီး ပြန်ထိုင်နေတယ် ။
ကွင်းပြင်ကြီးထဲမှာ နေကလည်း အရမ်းပူတယ် အဖေရာ ။
မြက်ပင်တွေ ချုံပုတ်တွေတောင် မရှိဘူး ။
ထိုင်ခုံဖြစ်နေတဲ့ သားရော ၊ ထိုင်နေတဲ့ သားရော
ညောင်းလဲ ညောင်းတယ် ၊ ရေလဲ အရမ်းငတ်တယ်အဖေ ။
သား အိပ်မက်က လန့်မနိုးပါဘူး ။
သား ကို သား ရေတစ်ခွက်လုပ်ပြီး ပြန်သောက်လိုက်တယ် ။

အိပ်ရာဝင်ပုံပြင်တွေ ၊ သားချော့တေးတွေ
နားမထောင်ရတာ ကြာလှပြီ အဖေ ။
ထမင်းဝိုင်းမှာလည်း ဇွန်းသံ ခက်ရင်းသံတွေ
ငြိမ်နေတာလည်း ကြာလှပြီ ။
တော်တော်ကြာခဲ့ပါပြီ အဖေ ။
တော်တော်လေးကို ကြာခဲ့ပါပြီ ။
သား အပြင်ကိုရောက်နေတာလဲ တော်တော်ကြာပါပြီ ။

သား တနေ့ အပြင်ကပြန်လာတော့
ရောင်စုံမိုးပျံပူဖောင်းလေးတွေ ၀ယ်လာတယ် အဖေ ။
လက်ထဲမှာ ကိုင်လာတုန်း
သူတို့က ရုန်းကန်နေတာနဲ့ လွှတ်ပေးလိုက်တယ် ။
မိုးပေါ်ကို ... တကွဲတပြားနဲ့ တက်သွားလိုက်ကြတာ
သူတို့ကို ကြည့်ရတာ စိတ်ချမ်းသာလိုက်တာ အဖေရာ ။
ကြည့်နေရင်းကနေ တဖြည်းဖြည်း မြင့်သွား .....
နောက်ဆုံး သားတောင် မမြင်ရတော့ဘူး ။
သူတို့ရော သားကို မြင်ရပါ့မလားဟင် ။

မနေ့ညကလဲ ကြယ်ကြွေကျတာ တွေ့တယ် အဖေ ။
ကြယ်ကြွေနေတုန်း ဆုတောင်းရင် ပြည့်တယ်ဆို ။
ဟုတ်လား အဖေ ။
သား ဆုတစ်ခုတော့ တောင်းလိုက်တယ် ။
ဘယ်တော့လောက်မှ ပြည့်မလဲ မသိဘူး အဖေရာ ။

သား ပြောစရာရှိသေးတယ် အဖေ ။
သား မှားတယ်ဆိုတာကို
သား အဖေ့ကို ပြောရဦးမယ် အဖေ ။
သား ကို သား လူဖြစ်ပြီ ထင်တာလဲ မှားတယ် ။
သား အပြင်ကို ရောက်နေတယ် ထင်တာလဲ မှားတယ် ။
သား မှားပါတယ် ။
သား မှားခဲ့ပါတယ် အဖေ ။

အမေ့ကိုလည်း ပြောပေးပါဦး အဖေ ။
အကို့ကို ညာဘက်လက်နဲ့ ချီထားပြီး
သားကိုလည်း ဘယ်ဘက်လက်နဲ့ ချီထားပေးပါလို့
သား ခြေထောက်တွေ
လမ်းကောင်းကောင်း မလျှောက်တတ်သေးဖူးဆိုတာ
သား ကောင်းကောင်းသိတယ် အဖေ ။
သား ကောင်းကောင်းကြီး သိလို့ပါ ။
သားကိုလည်း ချီထားပေးဖို့
အမေ့ကို ပြောပေးပါဦး အဖေ ။




ကဗျာသူအတွက် ကဗျာသား ကွယ်လွန်စွာရှင်သန်ခြင်း

“ မောင် ဇာတိ ”

အသက် “၂၃” ( ခေတ္တ )

( ဖေဖော်ဝါရီ - ဖေဖော်ဝါရီ )

ညံ့ဖျင်းမှု

( မိမိကိုယ်ကို မိမိ အရှင်လတ်လတ်

မြေမြုပ်ပစ်ရုံနှင့် အရှင်လတ်လတ်သေဆုံးနိုင်လေသည်

အထင်ရှိမှု ရောဂါ နှင့် ကွယ်လွန်စွာ ရှင်သန်သည် ၊၊ )

“ သေတမ်းစာ ”

တရားနဲ့တောင်မှ

ဖြေလို့မရခဲ့ဘူး

ငါ့ကို ……

ငရဲအကြီးကြီး ချပစ်ပါကွယ် ၊၊

“ ရှင်တမ်းစာ ”

မိမိကိုယ်ကို

ဥယျာဉ် ဟု ထင်မှတ်နေသော

နှင်းဆီ ရင်ကွဲ တစ်ပွင့်

အဟောင်းအတိုင်း ပွင့်လျက်ရှိသည် ၊၊

“ ကဗျာတစ်ရွက် ရဲ့ နေဝင်နေထွက်ခေတ် ”

နားလည်ပါတယ်

နားလဲ မလည်ဘူး

ဒီ ဝတ်ရုံကို ခြုံလိုက်ရုံနဲ့

ငါတို့ သူစိမ်းတွေဖြစ်သွားစေ

ငါတို့ ရန်သူတွေဖြစ်သွားစေရောလား

မနေ့ကအထိ နားလည်တယ်

မနေ့ကအထိ နားမလည်ဘူး

ဘာပဲဖြစ်ဖြစ်ပေါ့

ငါတို့ သူစိမ်းတွေလိုဖြစ်ဖို့

ငါတို့ ရန်သူတွေလိုဖြစ်ဖို့

ဒီဝတ်ရုံကို ခြုံခဲ့တယ်….

စိမ်း

စေ

လို

စိမ်း

ခဲ့

ပါ

တယ်

ကောင်းရာမွန်ရာရောက်ပါစေတော့ကွယ်…၊၊ ၊၊

“ကြာသပတေး”

“ကြာသပတေး”

ဝေး ဘူး

နီး . . . . . လည်း နီး ခဲ့ ဘူး

ဒီ လို နဲ့ ပဲ . . . . . . ကိုယ် ဟာ

မှန် ပြောင်း တစ် လက် ဖြစ် ခဲ့ တယ်

နီး လိုက် . . . . . . . ဝေး လိုက် . . . . . နဲ့

ကြိုးပြတ်သွားတဲ့ ကောင်းကင်

(၁)
“. . . .

. . . . . . .

. . . . . . . . .

. . . . . . . . . . . .

. . . . . . . . . . . . . . .”

စကားလုံး မရှိတဲ့
ကောင်းကင်မှာ
တိမ်ညိုတွေနဲ့
စီးချင်းထိုးပြီးတဲ့အခါ

ငါ့ . . .
လွယ် . . . အိတ် . . . ကြိုး . . . လေး
ပြတ် တောက် သွား ပြီ

အလင်းချင်းပြိုင်ကြတဲ့ နက္ခတ်ထဲ
ပေါက်လွှတ်ပဲစား ကြယ်တစ်စင်းဟာလည်း
သိက္ခာတရားမဲ့စွာ
ကြွေကျသွားခဲ့ရတယ်

ပန်းတိုင်ရောက်ခါနီး ဖိနပ်တွေမှာ
ခြေထောက်ပါမသွားတဲ့အတွက်
ငါရှူံးတယ် . . .
ငါ . . . ရှူံးသွားတယ်

ချစ်ခြင်းမေတ္တာနဲ့သစ္စာတရားကို
ဖက်တွယ်ချင်တဲ့
လူမိုက်ကလေးတစ်ယောက်ရဲ့
အိမ်ပြန်ချိန် . . .

အကြွင်းကတော့
သုညပါပဲကွယ် . . .

အတိတ်ဆိုတာ . . .
ရနံ့ ပြယ်ပြီးသွားတဲ့
ပန်းတစ်ပွင့်ပါ . . .

အဲဒီပန်းပွင့်လေးတွေ ခူးတဲ့နေရာမှာ
မိုးတွေ ထစ်ချုန်း . . .
လူမိုက်တစ်ယောက်ကို တိတ်တဆိတ်
ကျရှူံးခွင့်ပေးပါ . . .

(၂)
နှင်းရေ . . .
နှင်းရေ . . .
နှင်းရေ . . .
ချစ်သော နှင်းရေ . . .

နှင်းငွေ့ရိုက်ခံထားရတဲ့
ရင်ဘတ်မှာ . . .
ကော်ဖီရောင်ဆံပင်လေး သင်းထုံချိုမြ
လေတိုက်တိုင်း လွမ်းတယ်

နှုတ်ခမ်းဖူးဖူးလေးတစ်စုံဆီက
အပြုံးတစ်ချက် ဖြူပွင့်စိုသွေ့
အထပ်ထပ်အခါခါကျရှူံး
ဆက်ထုံးရယ် . . .
ပြေပါ . . . ပြေပါကွယ်

လရောင်နဲ့တူတဲ့
မျက်ဝန်းက ပြာလက် . . .
ကြယ်တွေလည်း
တဖြုတ်ဖြုတ်ကြွေကျပါရဲ့

သစ်ရွက်တို့ ခြောက်သွဲ့ခန်းညို
ရင်ခွင်မှာ လရောင်တွေ စိုတယ်
အဲဒီလိုနဲ့ . . .
ပင်လယ်ဟာ ကမ်းကို
ပျောက်နေခဲ့ရတာ ကြာပါပြီ

ငါ့အတွက်တော့ . . .
နင်ဟာ မိုးကုတ်စက်ဝိုင်းရဲ့
ပန်းရုံလွှာကိုခြုံထားတဲ့ မိန်းမပျိုဖြစ်လိမ့်မယ်
ငါ . . . ဘယ်တော့မှ
လက်ကမ်းလို့ မှီနိုင်မှာမဟုတ်ပါဘူး

ကောင်းကင်စကားတော့
တတ်အောင် သင်ချင်ပါသေးတယ်

“ကောင်းကင်ကြီးရေ . . .
လာပါ လာပါ ”
. . . . . . . လို့

(၃)
အရိပ်ကတော့
မေးပါတယ်
ကိုယ့်ကိုယ်ကို လုံအောင်
မိုးနိုင်ပြီလား . . . တဲ့

ငါ့ရဲ့လဟာ
ဝါးလုံးခေါင်းလေးထဲမှာပါ
တိမ်မရှိတော့
ငါလည်း မျက်နှာ ငယ်တတ်တယ်

တနင်္ဂနွေကသူရဲ့ ကိုင်းမှာ
နှင်းဆီ အပြိုင်းပြိုင်း
ပွင့်ပေးနေတယ်
ငါလေ . . . ပန်ပေးချင်လိုက်တာ
ငါလေ . . . နင့်ကို
နင့်ကို
. . . .
. . . .
. . . .
. . . .
. . . .
. . . .
. . . .
. . . .
. . . .


မြောက်ပြန်လေနဲ့
ကမ္ဘာကို အထပ်ထပ်ပတ်ပြီးရင်
ငါ့ဆီ ပြန်လာပါနော်
ငါ့ဆီ ပြန်လာပါ နှင်းရယ်

ပွဲတော်မှာ . . .
မီးတောက်တွေ တလဲ့လဲ့ပြာချုန်း
ဓါးသွား အဆုံးထိနစ်မြုပ်
နှလုံးသားက အက္ခရာ
ဆယ်ကမ္ဘာအထပ်ထပ်
ရစ်တွယ်နှောင်ပတ်
ကျွန်းတွေ တစ်ဖက် တစ်ချက်
ခြားသွားကြပြီ

ချစ်သော နှင်းရေ
နေရောင်ခြည်တွေနဲ့ နှင်းရေ
ငါ့ကို . . .
ကယ်မြဲကယ်တင်ပေးပါလားကွယ်

ဘဝမှာ မှောင်မြဲမှောင်နေတာမို့
ရက်စက်ခြင်းနဲ့ပဲဖြစ်ဖြစ်
ချစ်သူရဲ့ လက်အတွင်း
တနင့်နင့် ကျဆင်းခွင့်ပေးပါ

“ ဖိနပ်က ဖိနပ်လိုနေပေါ့နော်
ထီးတွေကြားထဲ ဝင်တိုးရုံနဲ့မြင့်တက်လာတာမှ မဟုတ်တာ”
သေစေလို့ အမိန့်ကျမလာပါဘူး
ငါကတော့ နှစ်ခါပြန် ကွပ်မျက်ခံလိုက်ရတယ်

အဝေးကြီး ဝေးသွားတာနဲ့
နီးနီးလေး ဝေးသွားတဲ့ အဝေးဆိုးနှစ်ခုမှာ
နံပါတ်တစ်တော့ ချိတ်ခဲ့ပါရဲ့လေ
အခုတော့ …
အခုတော့လည်း … ကွယ် …

(၄)
ငါက . . .
လယ်ကွင်းစောင့်ချင်တဲ့
စာခြောက်ရုပ်သက်သက်
နေရောင်ခြည်ကို ချစ်တတ်တဲ့
သစ်ပင်အိုကြီး သက်သက်

ကိုယ့်ကိုယ်ကိုပဲ စိုစေပြီး
နင့်အတွက်တိတ်ထားတဲ့
ကွက်ကြားမိုး သက်သက်
နင့်အရှေ့မှာ ရပ်နေပေးချင်တဲ့
ဒိုင်းတစ်လက် သက်သက်

ကျောက်ဆူးနဲ့ မချည်နှောင်ရက်လို့
ငါ့ကိုယ်ငါပဲ ရစ်ပတ်နေမိတဲ့ ဖဲကြိုးလေး
သက်သက်ပါ . . .

ပန်းပွင့်သေးသေးလေးတွေက
နေရောင်ခြည်ကို ချစ်သလိုမျိုး
တံခါးတွေက တံခါးတွေကို
ချစ်သလိုမျိုး

ပျားတစ်ကောင်ဟာ ပျားဘုရင်မကို
ချစ်သလိုမျိုး
ဆောင်းဟာ နှင်းကို
ချစ်သလိုမျိုး

အကြားအာရုံဟာ ဂီတသံကို
ချစ်သလိုမျိုး
ဥသြငှက်ကလေးတွေက နွေဦးလေပြေကို
ချစ်သလိုမျိုး

သေမင်းက လူတွေကိုချစ်သလိုမျိုး
အဲဒါတွေ အားလုံးထပ်
နှင်းရေ စက်လက်
ထာဝရအဆက်ဆက် ချစ်တယ်

ဤမှန်သော စကားကြောင့်
စကားကြောင့် . . .
စ ကား ကြောင် . . . .
စ ကား ကြောင့် . . . .
…………………
…………………
…………………
…………………
အဲဒီသစ္စာတရားတွေ မိုးပေါ်ကို
လွှတ်တင်လိုက်တယ်နော်

(၅)
မုန်တိုင်းဟာ ချစ်သူတစ်ယောက်ရဲ့
ရွှေရောင်အိပ်မက်အတွက်
ကိုယ့်ကိုယ်ကို ဆွဲငင်ရင်း
အားပျော့ပျက်ပြယ်သွားတယ်

ကမ်းစပ်ကို ပြေးတက်ချင်တဲ့
လှိုင်းလုံးကလေးတွေကလည်း
ကျောက်ဆောင်နားအရောက်မှာ
မွသုဉ်းအက်ကွဲ သွားပါပြီ

လဟာ နေနဲ့အတူမနေ
မိုးက မြေကို ငုံ့ပြီးမလွမ်း
ကျောက်စရစ်ခဲကို အခါခါနမ်းချင်တဲ့
ငှက်တစ်ကောင်ရဲ့ နိဂုံးပေါ့

နှင်းရေ . . .
အိပ်မက်တွေထဲမှာ တွေ့ရင်
မမေ့ကြေးနော်

သစ်အုပ်ကို လွမ်းဖူးတဲ့
မြင်းတစ်ကောင်ဟာ
ခွာရာအပြိုင်းပြိုင်းနဲ့
ညနေအိုမှာ ရိုင်းချင်ရိုင်းနေလိမ့်မယ်

သူဟာ ချစ်သူကို . . .
ဖူးရုံ ၊ ပွင့်လာရုံပဲ ပျိုးပေးချင်တဲ့
လူမိုက် . . .
လူမိုက် . . .
လူမိုက် . . .
လူမိုက် . . .
လူမိုက်တစ်ယောက်ပါ

သွားတော့
သွားပါတော့ . . .
ကိုယ်ယောင်ဖျောက်လို့သွားပါတော့
နှင်းရယ် . . .

(၆)
ညှင်းသွဲ့လေပြေ
တစ်ဖက်ခြားခဲ့သော မျဉ်း
ဆန့်ကျင့်ဖက်လားရာက
နှင်းမှုန်ခြေသံ . . .
ငါ့အနားက ကွယ်ပျောက်ထုံဝင်း
ပန်းရနံ့လေး သင်း၊သင်းကျန်ခဲ့တယ်

ကြိုးတွေဖြတ်တောက်ပြီး
ငါ့ရင်ထဲ ပြေးဝင်မယ့် ဓါးသွား
ချွန်းတမြမြ ထက်ရှနိုင်ပါစေ

စစ်ရှူံးလူတစ်ယောက်ရဲ့
ညဉ့်ဦးယံမှာ . . .
နင့်အပါးကတေးသံတွေနဲ့လည်း
မြူးသည်ထက်မြူးနိုင်ပါစေ

အနာဂါတ်ဆိုတာ
ဝတ်မှုန်တွေ ကူးတဲ့လမ်းက
မွှေးမြတဲ့ အလင်းရနံ့တွေပေါ့

ချစ်သူရေ . . .
လမင်းဝိုင်းစက်စက်နားမှာ
ကြယ်တွေဟာ ဝန်းရံနေလိမ့်မယ်
သူတို့ရဲ့ မျက်ရည်တွေနဲ့
စိမ်းချိုရစ်မူးအောင် ကွေးကောက်ပြကြလိမ့်မယ်

(၇)
ဝေးရစေမယ် . . .
ဝေးကို ဝေးရစေမယ် . . . ဆိုတဲ့
ကျည်ဆံ တစ်ထောင့်
ဟော့ဒီ ကောင်းကင်ကို ပစ်ဖောက်လိုက်တယ်

အဲဒီလိုနဲ့
နေရောင်ခြည်မရှိတဲ့ ပန်းကလေးတွေဟာလည်း
မမှီနိုင်တဲ့ လက်ကို ကမ်းရင်း
တဖြည်းဖြည်း ကြွေကျသွားခဲ့ပါပြီ

ဘာထူးလဲ . . .
နှင်းစက်တွေကို လက်တွဲခိုချင်တဲ့
လူတစ်ယောက်ရဲ့ နိဂုံး
ဘာထူးသတဲ့လဲ . . .

နေရောင်လရောင်ထဲက
ဆွတ်ပျံ့တဲ့ ချစ်သူ့ ကေသာဦး
လွမ်းမောဖွယ် ညတွေနဲ့
တွဲအိဝန်းစက်နေတဲ့ လမင်း
ငါအဝေးကနေရင်း ငေးပါတော့မယ်လေ

မမေ့ဘူး . . .
နှလုံးသားပေါ်ရေးထိုးထားတဲ့
နင့်နာမည် အနာရွတ်တစ်ခု
ငါဘယ်တော့မှ မေ့လို့ရမှာမဟုတ်ဘူး

နှင်းရေ . . .

နှင်း ရေ . . . .

ချစ်သော . . . . .

နှင်းရေ . . . . . . . . .

ချစ်သော နှင်းရေ . . . . . .

သမိုင်းမှာတော့ မရှိသေးဘူးပေါ့လေ
ဒါပေမယ့် . . .
ချစ်သူအတွက် သစ္စာအရောင်နဲ့
ရနံ့တွေ ပြာဝင့်
တစ်ခါ ပြန်ပွင့်ခွင့်ရချင်သေးတယ်

အဲဒီအခါ . . . .
ငါ့ကို ပန်ပါ . . .
ငါ့ကို ပန်ပါ . . .
ငါ့ကို ပန်ပါ ချစ်သူရယ် . . .။

ကြယ်တလုံး ၏ သုညပြတ်

ဘယ်သူလဲ
ငါ့ကို အဲ့ဒီ ဘူတာရုံအိုအိုလေးဆီ ခေါ်သွားတာ
ဘယ်သူလဲ
အရိုးရှတရာတွေနဲ့ ငါ့ရဲ့ ဘယ်ဘက်ရင်တခြမ်းကို တွဲပါ
ညာဘက်လက်ကို တွဲပါ
နင်ရှိနေတဲ့ စည်းဝိုင်းထဲကို ငါ့ကိုဆွဲထားပါ
ပြောပါ ဘယ်သူလဲ
အဲ့ဒီ ကမ္ဘာတခြမ်းရဲ့ အစွန်းတဖက်ကို ငါ့ကို ခေါ်ထားပါ
ငါဟာ သုည ဖြစ်ပါတယ်
ခြေထောက်မပါဘူး
ပြေးတတ်ပါတယ်
ငါဟာ သုည တစ်လုံး ဖြစ်တယ်
ပြီးတော့
ငါက သုည တစ်လုံးဖြစ်နေပြန်ပါတယ်
ခေါ်သွားပါ
ခြေထောက်တွေမရှိတဲ့ အရပ်ကို
ခေါ်သွားပါ
အမိုးတွေ မရှိတဲ့ ဒေသကို
ပြီးရင် ငါ့ကိုထားခဲ့ပါ
ဘယ်ဝိညဉ်တွေ လာခေါ်ခေါ်
ပြီးရင် ငါ့ကိုထားခဲ့ပါ
အသံတွေ တိတ်နေပါစေ
အဲ့ဒီ ဘူတာရုံအိုလေးထဲက
အသံတွေ တိတ်နေပါစေ
အခုလို တိုးတိုးလေး နဲ့ အဲ့ဒီ ကြယ်ဖြူလေး
တိတ်နေပါစေ
ပြီး ဘယ်သူလဲဆိုတာ ငါ့ကို ပြောပါ
နဂါးငွေ့ တန်းပေါ်တင်ထားပေးပါ
ဆောင်းရာသီပေါ်တင်ထားပေးပါ
အ၀ါရောင် သချိင်္ုင်းထဲ ထည့်ထားပေးပါ
ငါဟာ ခြေထောက်ပြတ်နေတဲ့ သုည ဖြစ်ပါတယ်
ကြေကွဲဆွတ်ကြွေချင်းနဲ့ သုည တလုံးအဖြစ်ပါ
မပြေးတော့ဘူး
ကြယ်ဖြူလေး အိပ်နေခြင်းဖြင့် နိုးထပါစေ
ခြေသံတွေ တိုးတိတ်နေချင်းပါ
မပြေးတော့ပါဘူး
ကောင်းကင်မဖြစ်ချင်တော့ပါဘူး
ခြေထောက်မပေါက်ချင်တော့ပါဘူး
တွေ ဝေ ငေး မော
ငါ ဟာ
သုည တစ်လုံးသာအဖြစ်
ငါ့ကို
မပြောပါနဲ့တော့ ကြယ် ။ ။

ကျနော်နှင့် ကဗျာဆရာများ(ဇာတိ)

* နံမယ်လေး ပြောပြပါ (နှာခေါင်းပိတ်ထားနော်)



ဟုတ်ပါ့ဗျ။ ရောဂါတွေကလည်းဆန်းတယ်။ နှာခေါင်းခဏမပိတ်ရင် ထာဝရပတ်သွားနိုင်

တယ်။ ဟွန်း. . . ရုတ်ရုတ်မလုပ်နဲ့။ ပါးစပ်ပါပိတ်ထားလိုက်မယ်။ နာမည်က ဇာတိ။ ဘယ်

ဇာတိလည်းမမေးနဲ့။ ကဗျာရေးသူဇာတိ။ (နှာခေါင်းဖွင့်လိုက်ပြီနော်)



· ကိုဖ (ဆောရီး shift ခလုတ်က လွတ်သွားလို့) ကိုဇာတိ ရေးတဲ့ကဗျာတွေက ဘာနဲ့ခံစားပြီးရေးတာလည်းဟင်။

ဟီး. . . အဆင်ပြေသလိုခံပြီး အဆင်ပြေသလို စားလိုက်တာပဲ။ ဟီး ။ အဆင်ပြေတယ်

ဟုတ်။ မယုံရင် ခံ ၊ စား ကြည့် ။



* ဟုတ်ပါပြီ. . . ခုလိုအွန်လိုင်းမှာရေးတာနဲ့ အောက်လိုင်းထွက်ဖို့ စိတ်ကူးရှိပါသလား

ငှင်းငှင်း အောက်လိုင်းကတော့ထွက်ဖူးဗျ။ လုံအောင်ဖွက်ထားတာ။ ခိခိ ရှိတယ်ဗျ စိတ်ကူး ဆိုတာတော့ဗျာ လဂါးရတိုင်းကူးတာပေါ့။ ဘာမှမကူးရရင် တကူကူးကူးနေတာခိ. . . . . သူရဿဝါဆိုတဲ့ ကောင်လေးကတော့ စပါယ်ယာအလုပ်ကို သီးသန့်ဝါသနာပါတယ်ဆိုပြီး အောက်လိုင်းလိုက်နေပြီ။ ကျနော်လည်း အောက်လိုင်းဖို့စိတ်ကူးထားပါတယ်။ လောလောဆယ် တကူကူးကူး။

· ဇာတိဆိုတဲ့ နာမည်နှစ်လုံး(ဇာ ရယ် တိ ရယ် )ရဖို့ ဘယ်ဗေဒင်ဆရာနဲ့ ကင်ပွန်းတပ်(မှားပြန်ပြီ) ဘယ်လောက်အားထုတ်ခဲ့ရပါသလဲ။

ကျနော်တစ်ခါမှ ဗေဒင်မမေးဖူးဘူးဗျ။ အဲ. . . မေးဖူးဘူးဆိုမှ အိမ်နားကဗေဒင်ဆရာကြီးကိုတော့ တစ်ခါမေးဖူးတယ်။ ဆြာ ဘယ်နှနာရီလောက်ရှိပြီလဲလို့ ။ ဟိ နာမည်ရဖို့အတွက်တော့ နာမည် ပေးပါတယ်။ နာမည်ယူဖို့အတွက်တော့ ကိုယ့်ကောင်းကွက်တွေ ကိုယ်ဖော်ပါတယ်။ နာမည် လူသိများဖို့အတွက်တော့ လူတိုင်းနဲ့လျှောက်ရောတာပါပဲ။



· ချစ်သူကို ဘယ်အချိန်မှာ အာဝါးရှလူးချင်လဲ။

ပြောချင်ဘူး။ ချစ်သူဆိုတဲ့စကားလုံးကြီးပါလို့ကို မပြောချင်တာ။ သွား. . .လူသိတယ်

· ခုချိန်များ ပုရွက်ဆိတ်တစ်ကောင်သတ်ခွင့်ရမယ်ဆိုရင် ဘယ်လိုနည်းနဲ့သတ်ချင်ပါသလဲ။

ဟယ်. . .ရက်စက်လိုက်တာ ကျမ်း။ အနုပညာသမားကိုမှ ရက်ရက်စက်စက် မေးခွန်းတွေ လားမေးတယ်။ သတ်တဲ့အထဲမှာတော့ အစာတွေအများကြီးကျွေးပြီးသတ်တာကို အကြိုက်ဆုံးပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်က အငတ်ကိုး။

· အိုဘားမားနဲ့အတင်းပါးစပ်ဆုံ အုပ်ခွင့်ရမယ်ဆိုရင် ဘယ်သူ့အကြောင်းကို ပထမဦးစားပေး အုပ်ချင်ပါသလဲ။

ဟိုလူဂျီး နေမကောင်းဖြစ်နေပြီလို့ ။ ဟိုလူဂျီးလေဗျာ ။ ဟိုလူဂျီး ဟစ်ဟစ်

· ဂျနီဖာလိုပက်ဇ်ကများ မျက်စပစ်ပြခဲ့ရင်. . .။(ဒန့် တန့် တန့်)

ပြန် ခါ ပြီး ပြန် လှုပ် ပြလိုက်မှာပေါ့။ ဘာ ခါ ပြီး ဘာ လှုပ် ပြမှာလဲလို့တော့မေးချင်ရင် မျက်လုံးကြီး ပြူးပြမနေနဲ့။ ရှိတာကို ခါ ပြီး ရှိတာကို လှုပ် ပြမှာ။ သူတောင် ရှိတာကြီး ပစ် ပြနေသေးတာမဟုတ်လား



· လမ်းပေါ်မှာ ရှောက်သီးဆေးပြားရောင်းရတော့မယ်ဆိုရင် ဘယ်သီချင်းလေးဆိုပြီးရောင်းချင်လဲ။

မင်းငါ့ကို ဖြတ်ပလိုက်တော့ မင်းငါ့ကို ဖြတ် ဆိုတာကိုတော့ အကျယ်ကြီးအော်ဆိုမှာ ။ ဘ၀က လျှောက်သီးဆေးပြားတောင်ရောင်းနေရပြီကိုး။ တို့က ပြတ်ပြီဆိုရင် ဘာမှ မချန်ဘူး ခီးးး။ :P



· အားပါးတရရယ်ရမယ်ဆိုရင် ဘယ်လိုရယ်ချင်လဲ။

အငှီး. . .ကျလိစ်ကျလိစ်။ သံတမန်ရယ်နည်းလေးပေါ့။ မယုံရင် ရယ်ကြည့်။ အငွိစ်

· ကဗျာကို ဘယ်လိုသဘောထားလဲ။

တကယ့်ကဗျာကတော့ (ငှားသုံးမယ်နော်:P) နေမ၀င်အင်ပါယာ လထွက်အင်ပါယာတွေနဲ့မလဲဘူး။ ဟိုကဗျာကတော့. . . ။ ပြောတော့ပါဘူးဗျာ။ ကဗျာဆိုသည်မှာ. . . သိချင်ရှာဖတ်။

· ကိုယ့်ကိုကိုယ် (မျက်စိနဲ့) ဘယ်လိုမြင်လဲ။

မျက်စိသက်သက်နဲ့ကြည့်ရင်တော့ သဘောကျစရာ မကောင်းဘူးဗျ။သေချာပေါင်းကြည့်ရင်တော့ ကျေနပ်စရာမကောင်းဘူး။ မကောင်းဘူးဗျ ပြောရတာလည်းမကောင်းဘူး

· လူမသိ သူမသိ ရင်ခုန်ခဲ့ရတဲ့အချိန်လေးများရှိရင် ပြောပြပါလား။

ဟယ်. . .တို့ဘယ်လိုဖြေရမလဲ။ တို့ရရှက်ရမယ်ဆိုရင် ဒူနဲ့မှမတွေ့တော့ပဲ ပုန်းနေတာ။ ပြောပြချင်ဘူး။ ပုန်းမိတော့မယ်။

· လူကြားသူကြားမှာလေလည်ရတော့မယ်ဆိုရင် ဘာပြောချင်လဲ။

အဟင်း. . . ကျုပ်က အနံ့နဲ့လည်း ဆဲတတ်တယ်နော်။

· အကြိုက်ဆုံးကဗျာလေးတစ်ပိုဒ်လောက်ရွတ်ပြပါလား။

အဲ ကိုယ့်ကဗျာလား သူများကဗျာလား ကျနော်အရမ်းချစ်တဲ့ ကဗျာလေးတစ်ပုဒ်ရှိတယ်

သ၀ဏ်လွှာ

တစ်သက်နဲ့တစ်ကိုယ်ပါပဲ

ဒီကတော့လှိုင်းထန်ပြလိုက်ရတာ

အဲဒီ. . .နိုဝင်ဘာလေးကိုက ထူးအံ့လွန်းနေရဲ့။



ကျွန်တော်ကလည်းကျွန်တော်

သူကလည်းသူပါပဲ

တစ်ဦးတစ်ယောက်အတွက်

တစ်ဦးတစ်ယောက်ရဲ့တိမ်ပြာတွေကို

သိုဝှက်ခဲ့ဘူးတယ်

မပြောကောင်းမဆိုကောင်း

ချစ်တယ်. . .

ပိုးမျှင်ရှရာများ

ချစ်သည်. . .ချစ်မိသွားပါသည်။ ဒုတိယမြောက်သောကြာကြယ်လေးရေ. . .ငါသည် ငေးကြည့်ရုံထက်ပို
သောဆန္ဒများကို တိုးတိုးဆိတ်ဆိတ် ကြိုးဆွဲချပစ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ငါ. . . မင်းကိုချစ်သည်။ ငါ့မှာ နင်၏သောကြာထောင့်ကို အရောက်သွားရန် ဖိနပ်ကောင်းကောင်းတစ်ရံမရှိပါ။ ခြေဖ၀ါးသက်သက်သာ လျှောက်
လာရန်လည်း အို. . . ငါမတွေးဝံ့ပါ မိသုနြေ္ဒ။ ငါသည် မိုးပြိုမှာကို ကြောက်တတ်သူတစ်ယောက်မဟုတ်ပါ။ သို့သော် နင့်ကိုတော့ မိုးပြောက်တစ်စက်ပင် မခစေလိုပါ။ ငါသည် အချစ်နှင့် ပြဿဒါးမလွတ်သူဖြစ်သည်။ ငါ. . .
နင့်ကိုချစ်ပါသည်။ ထို့ကြောင့်ပင် ငါသည် အပြုံးမပျက်နှင့် ခေါင်းညိတ်လက်ခံမိခဲ့သည်။ တစ်ချိန်တည်းတွင် ငါ့ရင်
ဘတ်ကို ဆွဲခွါပစ်ခဲ့ရသည်။ နာသည် မိသုနြေ္ဒ။ အလွန်နာပါသည်။ ငါ. . .ဟန်မဆောင်မိခဲ့ပါ။ နင့်ကိုချစ်သည်။ အလင်းတစ်ပျက်စာလေးအတွင်းမှာ နင့်ကိုချစ်မိသွားသည်။ သို့သော် ငါသည် “အလင်း”တွေကိုဖွက်ထားသော
“ဆောင်း” လိုကောင်ဖြစ်သည်။ မှောင်သည် မိသုနြေ္ဒ. . . မှောင်ပါသည်။ အိပ်မက်များ ပါမလာအောင်ကြိုးစား
ရင်း “နေ့” နှင့် “ည” မှားသွားခဲ့ရသည်။ သို့သော် ငါမှားပါ။ ချစ်သောသူသည် အမြဲမှန်သည်။ ငါ့ခြေလှမ်းတိုင်းတွင်
ဖာထေးရာမပါပါ။ ငါသည် “လိပ်ပြာ” ကိုလည်းမဖမ်းပါ။ “ပန်း” ကိုလည်းမနမ်းပါ။ ပြီးတော့ ငါသည် မယဉ်ကျေးပါ။
နေ့လည် နေ့ခင်းများတွင် နင်၏နာမလေးကို ဖွဖွသာသာ“ယောင်” မိသည်။“. . . ” ရေ “. . . ”ရေ ။

နင်မသိပါနှင့် မိသုနြေ္ဒ။ ဘယ်သူမှလည်း မသိပါစေနှင့်။ ဒါသည် ဓါးပေါ်မှောက်လျက်လဲသော အနာ
ဟောင်းတစ်ခု၏ သွေးထွက်သံယိုဖြစ်ခြင်း ဖြစ်သည်။ ငါ့ကို နင်မသိပဲချစ်ခွင့်ပေးပါ။ နောက်ပြီး နင်မသိပဲ ငိုခွင့်
ပြုပါ။ ဒါသာ် ငါအလိုချင်ဆုံး “အတ္တ” တစ်ခုဖြစ်သည်။ တောင်ထိပ်မှာပွင့်နေသော ကြာဖြူပန်းလေးအကြောင်းကို
ငါနင့်အား ပြောမပြချင်တော့ပါ။ ငါ့ကို ရနံ့များမပါအောင် ခြွေချပေးပါ။ ငါသည် ထိုရနံ့များနှင့် မထိုက်တန်သူဖြစ်
သည်။ အရုဏ်ကို ခြုံထားရုံမျှနှင့် နံနက်ခင်းဟု ထင်ခဲ့မိသည်။ ထို့ကြောင့်ပင် ပြတင်းတံခါးများကို ဆွဲပိတ်ပစ်လိုက်
သည်။ ၀င်မလာပါနှင့်သုနြေ္ဒ။ ပြန်ထွက်သွားမည်ဆိုလျှင် အစကတည်းက ၀င်မလာလိုက်ပါနှင့်။ ငါ့တွင် ခြေရာအ
မည်းများရှိသည်။ ထိုလမ်းများကလည်း အေးခဲလွန်းလှသည်။ အေးခဲလွန်းလှပါသည်။ ဟုတ်သည်. . . ငါသည်
သူရဲကောင်းများအတွက် ရင်ဘတ်နှင့်မိုးပေးခဲ့ရသော “ဒိုင်း” တစ်လက်ဖြစ်သည်။ ထိုဓါးချက်များကို စစ်ပွဲတွင်သာ
သိမ်းဆည်းထားလိုက်သည်။ “နွေ” ရာသီကပူပါသည်။ သို့သော် သူသည် “မိုး” ရာသီကို “ရေခိုးရေငွေ့” ဖြင့် ပျိုး
ထောင်ပေးနေခြင်းဖြစ်သည်။ သုနြေ္ဒရေ “နွေ” မရှိမှတော့ “မိုး” လည်းရွာမနေချင်တော့ပါ။ တစပြင်ဆန်ပစ်လိုက်
ခြင်းဖြစ်သည်။ ငါကိုယ်တိုင် ခြောက်သွေ့သွားခဲ့သည်လား။ ပင်လယ်အနက်ကြီးတူးထားသော်လည်း ရေတစ်စက်
ပင် စီးဆင်းမလာခဲ့ပါ။ အရောင်မပါပဲ မစိမ်းစိုပါရစေနှင့် မိသုနြေ္ဒ။ တောအုပ်ကလေး၏မျက်နှာကျက်ကို ဖားထေး
ပေးပါ။ ချုပ်ရာများတော့ ကျန်နေပေလိမ့်မည်။ ဤသို့ဆိုလျင်တော့ ဒီအတိုင်းပဲ ကောင်းပါလိမ့်မည်။ ခေါင်းကို
ဖြည်းဖြည်းချင်းယမ်းခါ၍ ငါ ငြင်းလိုက်ပါသည်။ ငါ. . .ငြင်းဆန်လိုက်ပါသည်။ “ရေဆန်ကို မတက်ဘူး”. . . .။

ဗေဒင်ဆရာ၏ လက်ထဲမှဖဲချပ်များတွင် ငါ့အတွက်နံပါတ် “၁၃” ရှိသည်။ စံပယ်များ ထစ်ထစ်ချုန်းချုန်း
ကြွေကြ၏။ တစ်ချိန်းတည်း . . . တစ်ပြိုင်တည်းပင် “ကဝေ”ညှို့သံများတလက်လက်နှင့် စုန်းမီးများ “ဟုန်း” ခနဲ
တောက်လွင့်ဆူးခက်တွေ ငါ့ရင်ဘတ်ပေါ်လာပွင့်ကြသည်။ “လှိုင်း” များသည် “ပင်လယ်” အလှပဆုံး “ဒဏ်ရာ”
များဖြစ်သည်။ ဤသို့ဖြင့်. . . ငါတံခါးဖွင့်ပေးလိုက်သောငှက်များသည် အတောင်များ စုံလုံးကန်းသွားရသည်။
တည့်တည့်တန်းတန်းစုံရသော်လည်း မြှားနှစ်စင်း၏ အရှိန်ပြင်းပြင်းဆုံးခြင်းမျိုး ဖြစ်ခဲ့သည်။ ပိုးချည်မျှင်များ ရှခဲ့
ကြသည်။ ငါ “လှိုင်း” ထန်မပြတော့ပါ။

သုနြေ္ဒရေ. . .သုနြေ္ဒ ငါတိမ်တွေမွန်းနေခဲ့သည်။ မွန်းတည့်သွားသော သန်းခေါင်ယံတော့ မဟုတ်ခဲ့တာ
သေချာသည်။ ဟုတ်တော့လည်း ဟုတ်နိုင်ပါသည်။ ဟုတ်ခြင်း မဟုတ်ခြင်းသည် ငါအတည်ပြုပေး၍ မရနိုင်ပါ။
ငါကိုယ်တိုင်လည်း သေချာခြင်းမရှိပါ။ ငါဆိုတာလည်းသေချာသည်။ ငါအတုဖြစ်သလား ။ ငါအစစ်ဖြစ်သလား
လည်းမသိပါ။ ငါ့ကိုယ်ငါတော့သိသည်။ ငါသည် ရင်ပွင့်သွားသော “မြစ်” တစ်စင်းဖြစ်သည်။ ဤသို့ဖြင့် လှေတစ်
စင်းထဲသို့ နစ်မြုပ်သွားရသည်။ ငါ့ရင်ကို ဘယ်သူဆွဲဖွင့်ခဲ့ပါသလဲ မိသုနြေ္ဒ။ ငါကပဲ တံခါးဖွင့်ပေးခဲ့မိပါသလား။ ဘာ
ပဲဖြစ်ဖြစ် သော့ခလောက်ကတော့ ကျပျောက်သွားခဲ့ပြီ။ ဤသော့တံနှင့် ဘယ်တံခါးကို ငါဖွင့်ရမည်နည်း။ နောက်
ဆုံး. . . နောက်ဆုံးတံခါးကိုပဲ ငါဖွင့်ပါမည်။ ထိုတံခါးကို မတွေ့မချင်းတော့ သော့တံလေးကို သော့ခတ်သိမ်းထားရ
ပေဦးမည်။ နင်သည် ငါ၏ နောက်ဆုံးတံခါးဖြစ်ပါသလား။ ငါသေချာမသိပါ။ နင်ကတော့ သိပေလိမ့်မည်။ နင်ကိုယ်
တိုင်လည်း သေချာမည်မဟုတ်ပါ။ ခေါင်းမငြိမ့်ပါနှင့်မိသုနြေ္ဒ။ “အမှန်တရား” သည် မျက်လှည့်ဆရာ၏ သေတ္တာထဲ
တွင် ရှိပေလိမ့်မည်။(ထိုသေတ္တာကို သော့ခတ်ထား ၊ မထားတော့ မသိပါ။ ခတ်ထားခဲ့လျှင်လည်း ငါ့မှာရှိသော သော့တံနှင့် ဖွင့်၍ ရ ၊ မရ ငါမသိပါ။ ငါ လုံးဝမသိပါ။ )

သုနြေ္ဒရေ. . .သုနြေ္ဒ ငါသည်နင်၏ အက်တမ်တစ်ခုဖြစ်သည်။ ငါ့ကို ရေစက်မချလိုက်ပါနှင့်မိသုနြေ္ဒ။
ငါသည် စာမတတ်သေးပါ။ နင်၏ဘာသာဗေဒကို ငါမဖတ်တတ်သေးပါ။ နင်၏ဓါးတစ်လက်သည် ငါ၏ အဘယ်
ရှုထောင့်မှ ၀င်လာခဲ့သည်ကို ငါမသိလိုက်ပါ။ “နှင်းဆီ” တစ်ပွင့်တော့ မဖြစ်ချင်ပါနှင့် မိသုနြေ္ဒ။ နင်လှဖို့အတွက်
နင်၏ကိုယ်တွင်းမှ ဖောက်ထွက်လာမည့်ဆူးတံများကိုတော့ နင်မပန်ဆင်သင့်ပါ။ “စံပယ်” လိုပဲလှပါ မိသုနြေ္ဒ။
မြင့်သောပန်းသည်လည်း တံချူ၏ရိုက်ချက်ကြောင့်ပင် နာကျင်နိုင်ပါသည်။ “ခရေ” လိုပဲလှပါ မိသုနြေ္ဒ။ ငါက
တော့ “ရနံ့” မူးတတ်သော “ပျား” တစ်ကောင်ဖြစ်သည်။ “လှိုင်း” မူးတတ်သော “ငါး”တစ်ကောင်ဖြစ်သည်။
ငါသည် “မုဆိုး” လည်းမဟုတ် ၊ “သားကောင်” လည်းမဟုတ်ပါ။ ထို့ကြောင့်ပင် ငါသည် “တောအုပ်” တစ်ခု
မဟုတ်ပါ။ ငါသည်. . . ငါသည်. . . ဘာဆိုဘာမှမဟုတ်ပါ မိသုနြေ္ဒ။

တနင်္ဂနွေနဲ့ တူတဲ့နေ့

အဲဒီနေ့တွေကို

မြေပုံပေါ်မှာလိုက်ရှာ

ရထားဟာ ကမ်းကိုကပ်ခဲ့ပြီ ။



ပန်းပွင့်တစ်ခြမ်းဆူးတစ်ခြမ်းနဲ့

မတော်တရော်ဖိနပ်ကြီးကို

ပရမ်းပတာစီး

မြို့ကြီးရယ် . . .

ရနံ့တွေက လှောင်တယ် ။



မနေ့ညက

စံပယ်တွေ တအိအိကြွေကျလာသလိုပဲ

ဝတ်မှုန်ရေ. . .

ငါ့ကို ရင်ဘတ်တစ်နေရာစာလောက်

ခင်းကျင်းခွင့်ပေးပါ ။



နှင်းဆီတွေကျောက်ချ

ဘူတာရှာမတွေ့တဲ့ရထား

တနင်္ဂနွေမှာပဲ `နားမယ်´ ။ ။



ခေါင်းစဉ် - ဇာတိ

သီချင်းမဲ့ဂစ်တာ

`လွမ်းတယ်´ ဆိုတာ
ကြိုးနဲ့အသီခံထားရတဲ့
စံပယ်ပန်းလေးတွေလိုပါပဲ

. . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . .

ကဝေရောင်ခန်းစီးများ
ပြုစားခံရသောပြတင်းတစ်ချပ်
ရုတ်တရက်
အသက်မဲ့သွား
သီချင်းတစ်ခြား ၊ ဂစ်တာတစ်ခြား
မှားနေလိုက်ရတာ။ ။