ဒုက္ခ မီးအိမ်

တနင်္ဂနွေမှာ
ဝတ်မှုန်လေးတွေ အချင်းချင်း စကားများကြရင်း
နှင်းဆီတွေပွင့်ဖို့ ရပ်ဆိုင်းလိုက်ကြတယ် ၊၊ ၊၊

တနင်္ဂနွေမှာ
လေပြေတွေဟာ ဘာအရည်အချင်းမှမရှိကြဘူး
ချက်ချင်းကြီး
ဥယျဉ်အဖြစ်ကနေ
လျှောကျပေးလိုက်ရတယ် ၊၊

တနင်္ဂနွေမှာ
တစ်ယောက်က တစ်ယောက်ရဲ့
တစ်ယောက်ဖြစ်ကြပါလျက်
တနင်္ဂနွေမှာပါပဲ
တစ်ယောက်က တစ်ယောက်ရဲ့
တစ်ခြားတစ်ယောက်ဖြစ်ခဲ့ကြရ …. ၊၊

တနင်္ဂနွေ နဲ့ ငါဟာ
နင်နဲ့ငါ ဝေးသလိုမျိုး ဝေးသွားတယ်
ပြက္ခဒိန်တစ်ခြမ်းစာ ဒဏ်ရာလေး
ငါ့ တစ်ဝိဥာဉ်စာ လက်ခံထားရဆဲ. . . . ၊၊

တစ်ကယ်တော့…..
သတိရခြင်းဆိုတာ
အတိတ်ကနေ လက်ရှိကမ္ဘာဖြစ် ဖြစ် သွား တာ
“မီး” မရှိတော့တာကလွဲလို့
ငါ
ဟာ
ဒုက္ခမီးအိမ် တစ်လုံးပါ ၊၊ ၊၊

ကဗျာဆရာအတု


အခုတလော ကျနော်ကဗျာရေးလို့မရဘူးဖြစ်နေပါတယ်။ ရေးဖို့ကြိုးစားလိုက် ရေးလို့မရလိုက်နဲ့ စိတ်ပျက်မိတယ်။ အဲ့ဒီလိုနဲ့ပဲ ကိုယ့်ကိုယ်ကိုလည်း အောက်ပါကဗျာအတိုင်းပဲ ခံစားလာမိပါတယ်။ အဲဒါကြောင့် ဒီကဗျာကိုပဲ ရေးမိ လိုက်ပါတယ်။ ဖတ်ကြည့်ပေးကြပါဦး။

ကဗျာဆရာအတု

ဒီတစ်ခါမှ

ကြယ်ခိုးကြယ်ငွေ့တွေဆီ လက်လှမ်းမမီဘူးဆိုရင်

ငါဟာ ……. တကယ်ပဲ

အိပ်မက်ထဲလမ်းလျှောက်ထွက်ခဲ့သူဖြစ်သွားမယ်

မျောရင်းလွင့်ရင်းနဲ့ကို မျောလွင့်နေသောဘဝ

တစ်လှမ်း … နှစ်လှမ်း …. သုံးလှမ်းမှာရပ်သွားတယ်

တစ်လှမ်း … နှစ်လှမ်း …. သုံးလှမ်း ….

ရပ်သွားပြန်တယ်

ကဗျာမြတ် ကဗျာကောင်း ကဗျာဆရာအပေါင်းတို့

ကျွန်တော်မျိုးရဲ့ မိုက်မဲမှုကိုဗွေမယူပါနဲ့

ကျွန်တော့်ခေါင်းမှာ ……….. မရှိတဲ့အတွက် …….

စာရေးစားပွဲက သူ့ကိုယ်သူဖုန်သုတ်နေရချိန်မှာ

ငါက မြို့တကာလမ်းတကာ

ပြောခဲ့သလို မျောရင်းလွင့်ရင်း မျောလွင့်

အလင်းမီးအိမ်အောက်မှာလည်းမှောင်မဲ

တစ်ကိုယ်ရည်တစ်ကာယဓါတ်တိုင်ဆိုတော့ မှောင်မဲ

ဒါ ……. တကယ့်ပြဿနာတစ်ရပ်ပါပဲ

တောကြီးမျက်မည်းစွန့်စားခန်းမှာ လက်နက်တစုံတရာမရှိသူ

ဘာနဲ့များတူနေသလဲ

ငါဆိုတဲ့မျက်ကန်းကတော့

တစ္ဆေထက် “အလင်း” ကိုပိုကြောက်မိနေ …… ။

ဥယျာဉ်ပျက်ထဲက ဝတ်မှုန်

(၁)

တစ်နေ့မှာ

မိုးတိမ်အက်ဆစ်

မုတ်သုန် အရိုင်းအစိုင်းတို့

တစ်ထစ်ထစ်ချင်း ပြိုကျလာတယ်


အသိုက်အဝန်းတစ်ခုဟာ

သိုက်သိုက် ဝန်းဝန်းလေး

ဖြစ်နေတာကိုပဲ လိုချင်ပါတယ်

အဖေနဲ့အမေ


ဘဝမှာ ကြယ်တွေ

ဘယ်လောက် ကြွေကြွေ

နောက်ဆုံး ကိုယ့်အိပ်မက်ကို

ကိုယ်ပဲ ဆောက်ကြရမယ်မဟုတ်လား


အဖေရယ် .. အမေရယ် ..

ကျွန်တော်ဟာ …

အမေတို့ ဖြစ်စေချင်တဲ့

လူရည်ချွန်ကလေး ဖြစ်မလာခဲ့ပါဘူး


ဥယျာဉ်ကြီးတစ်ခုလုံးကို

ဝတ်မှုန်ကလေးတစ်ပွင့်နဲ့ တိုင်း

အဖေနဲ့ အမေ အပေါ်

ကျွန်တော် ရိုင်းတယ်လေ


သူများတွေ . . . လင်းကြ ထင်းကြ

အဲဒါ အဖေနဲ့ အမေတို့ရဲ့

ဆန္ဒတစ်စုံတစ်ရာလောက်တောင် မရှိတာ

ကျွန်တော် သိတာပေါ့


(၂)

အမေရယ် . . .

ကံကြမ္မာ လက်သီးကပဲ

ပြင်းလွန်းသလား မသိပါဘူး

ကြိုးဝိုင်းထဲမှာ . . . ကျွန်တော်ဟာ

ခေါင်းတောင် ပြန်မထောင်နိုင်တော့ဘူး . . .


ဘယ်လောက်ပဲ ချို့တဲ့နွမ်းပါး

သိတတ်တဲ့ စိတ်ကလေးတစ်ခုတော့

အမေတို့ ဖြစ်စေချင်မှာပဲလေ ..


တစ်ချို့က ပြောကြတယ်

အမေတို့ရဲ့ အရိပ်တန်ဖိုးကို

မသိဘူးတဲ့ ..


ဟုတ်တယ် ..

ကျွန်တော် မရယ်နိုင်ပါဘူး

အမေရယ် . . .

ရိုင်းစိုင်းတဲ့ ကျည်တောင့်ကို ပစ်ဖောက်

အမေတို့ဆီမရောက် . . .

နောက်ဆုံး . . .

ကျွန်တော့် အသည်းနှလုံးသာ

ပေါက်ခဲ့ပါတယ် . . .


တစ်ခါတစ်လေတော့လည်း

မေးချင်ပါတယ် . . .

နိမ့်တတ် မြင့်တတ်တဲ့

ကံကြမ္မာဆိုတာ . . .

မျက်နှာကြီးရာပဲ လိုက်တတ်တာလားလို့ …


(၃)

အမေ့လက်က

ပန်းအက္ခရာဟာ

ကျွန်တော့် တိမ်တွေကို

ပုံဖော်ထုဆစ်နေတာပေါ့ . . .


ဘယ်သူမှ လှည့်မကြည့်ရင်တောင်

လူမိုက်ကလေးတွေရဲ့ မြှားဦးဟာ . . .

အဲဒီအရိပ်တွေဆီပဲ

ပြန်ကွေ့ပတ်ပြီး လာတတ်တာမဟုတ်လား


အရှေ့ရိုးက တံတိုင်းကြီး

အဖေဟာလည်း . . .

ခန္ဓာကိုယ်မှာ အရိုးအမြောင်းမြောင်းနဲ့

မညှင်းမသွဲ့ မနွဲ့မတည်

ဘဝ စောင်းကြိုးကိုလည်း သီမြဲသီနေရတယ်


တစ်ဖြည်းဖြည်းချင်း သေမင်းရဲ့ ခံတွင်းဝမှာ

လုံးပါး ပါးလာရဦးမယ့် မိဘတွေအတွက်

ဘယ်တော့မှ . . . နောင်တဆိုတာ မရချင်ပါဘူး

အဖေရယ် . . . အမေရယ် . . .


နက္ခတ် ၊ တာရာ ၊ ဂြိုလ်

အမေတို့ရဲ့ ဇာတာ အထားအသိုဟာ

မီးနီမှာများ ရပ်မိနေသလား


ဒါတွေဟာ … ဝဋ်ကြွေးတဲ့လား ..

ဘယ်လိုပဲ ဖြစ်ဖြစ်

တရားနဲ့ပဲ ဖြေကြရမယ်မဟုတ်လား

တရားနဲ့ပဲ ဖြေကြမယ် အမေရယ်


(၄)

မြင်းမိုရ်တောင်ကြီး ပြိုချင် ပြိုလိမ့်မယ်

အမေတို့ရဲ့ မေတ္တာ

လတစ်စင်းပမာ ထာဝစဉ်

တည်နေမှာတော့ အသေချာပဲ


စာအုပ် ၊ ဝတ္ထုတွေ ဖတ်ပြီး

စိတ်ကူးတတ်တဲ့ သားကို

အမေက ပြောလိမ့်မယ်

“ ပင်လယ်က ပင်လယ်လို

နေပါ .. သားရယ် ’’

(ကျွန်တော်က သမုဒ္ဒရာကြီးတွေလို

ကျယ်ပြော နက်ရှိုင်းချင်ခဲ့တာကိုး)


ဒီစကားတွေ ကြားမှာပဲ

ကျွန်တော် လူမိုက်ကလေးဟာ

ရူးသွပ်ခြင်း ဝတ်ရုံကို ခြုံ

အိပ်မက်ဟာ လုံနေပြီလို့ ထင်ခဲ့မိတယ် . . .


(၅)

အမေရယ် . . .

ပလပ်စတစ် အိတ်တစ်လုံးလို

လွင့်ချင်ရာ လွင့်ဖူးတဲ့

မြွေပွေးလို သားကို

အမေ ခါးပိုက် ပိုက်ထားရတာလား


နက်ဖြန်ခါဟာ နေဝင်

နက်ဖြန်ခါဟာ နေထွက်

ဒီလိုနဲ့ပဲ . . . အမေ့ သက္ကရာဇ်တွေ

ရင့်ရော် ပြိုပျက်လှပါပြီ


မုန်တိုင်းကြမ်း တစ်ချက်မှာ

ပျက်ကြွေခဲ့ရဖူးတဲ့ . . .

ဥယျာဉ်ပျက်ကလေးဟာ

ဘယ်တော့မှာ စိမ်းစိုလာမလဲ . . .


အမေ . . .

ဘုရားဝတ် ပြုပါ . . .

အမေ . . .

လရောင်ကို လှုံပါ . . .

အမေ . . .

တရားနဲ့ ဖြေပါ

အမေရယ် . . .။

































(သောတ)

( ဘယ်လောက်ပဲ အရိပ်တွေခြုံခြုံ .. မိဘအရိပ်လောက်တော့ ဘယ်အရာမှ လုံမယ်မထင်ဘူးနော်)

အမေ့ကို ပြောပေးပါအဖေ


သား ပြောစရာရှိတယ် အဖေ ။
အဘွားလေ သားကို လမ်းခုလတ်မှာ
ပစ်ချထားခဲ့ပြီး ထွက်သွားတယ် ။
လှမ်းခေါ်တာတောင် လှည့်မကြည့်ဘူး ။
သား ကို သား ကောင်းကောင်းသိတာပေါ့ ။
သားခြေထောက်တွေလေ ..... .....
သူတို့တွေက လမ်းကောင်းကောင်းမလျှောက်တတ်သေးဘူး အဖေ ရ ။

အမေ့လက်ထဲမှာ
ကောင်လေးတစ်ယောက် ချီထားတယ် အဖေ ။
သား အကိုထင်တယ် ။
သားထက် အသက်ပိုကြီးလို့နဲ့ တူတယ်နော် ။
အမေ့လက်ပေါ်မှာ မြူးလို့ ပျော်လို့ ။
သူ့မှာလည်း အညိုအမဲတွေ အများကြီးပဲ အဖေ ။
ဆေးလေး ဘာလေး လိမ်းပေးလိုက်ပါဦး ။
နောက်ထပ်တစ်ခါ ချော်ချက်ကျနေပါဦးမယ် ။

ဟိုရှေ့ နားမှာ
ထမင်းရည်ပူစည်း တားထားတာ
လှမ်းမြင်နေရတယ် အဖေ ။
သား မဖြတ်ရဲဘူး ။
ထမင်းရည်ပူစည်းကို ကျော်တယ်ဆိုရုံလေး
ခဏလောက်တော့ ချီသွားပေးပါ အဖေ ။
ကျော်တယ်ဆိုရုံလေးပါ ။

သားအခန်းလေးက မှောင်လွန်း ကျဉ်းလွန်းတယ် အဖေ ။
ပြတင်းပေါက်တွေ ပိတ်ပိတ်ထားတာ
အသက်ရှူလို့လဲ မ၀ဘူး ။
ချက် ( ဂျက် ) တွေ လာဖြုတ်ပေးပါလား အဖေ ။
လောကကြီး ဘယ်လောက်စိမ်းလန်းတယ် ဆိုတာ
ကိုယ်တိုင် ကိုယ်ကျ မြင်ဖူးချင်လွန်းလို့ပါ ။

သား ဟိုနေ့ နေ့လည်က အိပ်ပျော်သွားရင်း
အိမ်မက်တစ်ခု မက်တယ် အဖေ ။
အိပ်မက်ထဲမှာ သားက
သား ကို သား ထိုင်ခုံလုပ်ပြီး ပြန်ထိုင်နေတယ် ။
ကွင်းပြင်ကြီးထဲမှာ နေကလည်း အရမ်းပူတယ် အဖေရာ ။
မြက်ပင်တွေ ချုံပုတ်တွေတောင် မရှိဘူး ။
ထိုင်ခုံဖြစ်နေတဲ့ သားရော ၊ ထိုင်နေတဲ့ သားရော
ညောင်းလဲ ညောင်းတယ် ၊ ရေလဲ အရမ်းငတ်တယ်အဖေ ။
သား အိပ်မက်က လန့်မနိုးပါဘူး ။
သား ကို သား ရေတစ်ခွက်လုပ်ပြီး ပြန်သောက်လိုက်တယ် ။

အိပ်ရာဝင်ပုံပြင်တွေ ၊ သားချော့တေးတွေ
နားမထောင်ရတာ ကြာလှပြီ အဖေ ။
ထမင်းဝိုင်းမှာလည်း ဇွန်းသံ ခက်ရင်းသံတွေ
ငြိမ်နေတာလည်း ကြာလှပြီ ။
တော်တော်ကြာခဲ့ပါပြီ အဖေ ။
တော်တော်လေးကို ကြာခဲ့ပါပြီ ။
သား အပြင်ကိုရောက်နေတာလဲ တော်တော်ကြာပါပြီ ။

သား တနေ့ အပြင်ကပြန်လာတော့
ရောင်စုံမိုးပျံပူဖောင်းလေးတွေ ၀ယ်လာတယ် အဖေ ။
လက်ထဲမှာ ကိုင်လာတုန်း
သူတို့က ရုန်းကန်နေတာနဲ့ လွှတ်ပေးလိုက်တယ် ။
မိုးပေါ်ကို ... တကွဲတပြားနဲ့ တက်သွားလိုက်ကြတာ
သူတို့ကို ကြည့်ရတာ စိတ်ချမ်းသာလိုက်တာ အဖေရာ ။
ကြည့်နေရင်းကနေ တဖြည်းဖြည်း မြင့်သွား .....
နောက်ဆုံး သားတောင် မမြင်ရတော့ဘူး ။
သူတို့ရော သားကို မြင်ရပါ့မလားဟင် ။

မနေ့ညကလဲ ကြယ်ကြွေကျတာ တွေ့တယ် အဖေ ။
ကြယ်ကြွေနေတုန်း ဆုတောင်းရင် ပြည့်တယ်ဆို ။
ဟုတ်လား အဖေ ။
သား ဆုတစ်ခုတော့ တောင်းလိုက်တယ် ။
ဘယ်တော့လောက်မှ ပြည့်မလဲ မသိဘူး အဖေရာ ။

သား ပြောစရာရှိသေးတယ် အဖေ ။
သား မှားတယ်ဆိုတာကို
သား အဖေ့ကို ပြောရဦးမယ် အဖေ ။
သား ကို သား လူဖြစ်ပြီ ထင်တာလဲ မှားတယ် ။
သား အပြင်ကို ရောက်နေတယ် ထင်တာလဲ မှားတယ် ။
သား မှားပါတယ် ။
သား မှားခဲ့ပါတယ် အဖေ ။

အမေ့ကိုလည်း ပြောပေးပါဦး အဖေ ။
အကို့ကို ညာဘက်လက်နဲ့ ချီထားပြီး
သားကိုလည်း ဘယ်ဘက်လက်နဲ့ ချီထားပေးပါလို့
သား ခြေထောက်တွေ
လမ်းကောင်းကောင်း မလျှောက်တတ်သေးဖူးဆိုတာ
သား ကောင်းကောင်းသိတယ် အဖေ ။
သား ကောင်းကောင်းကြီး သိလို့ပါ ။
သားကိုလည်း ချီထားပေးဖို့
အမေ့ကို ပြောပေးပါဦး အဖေ ။




ကဗျာသူအတွက် ကဗျာသား ကွယ်လွန်စွာရှင်သန်ခြင်း

“ မောင် ဇာတိ ”

အသက် “၂၃” ( ခေတ္တ )

( ဖေဖော်ဝါရီ - ဖေဖော်ဝါရီ )

ညံ့ဖျင်းမှု

( မိမိကိုယ်ကို မိမိ အရှင်လတ်လတ်

မြေမြုပ်ပစ်ရုံနှင့် အရှင်လတ်လတ်သေဆုံးနိုင်လေသည်

အထင်ရှိမှု ရောဂါ နှင့် ကွယ်လွန်စွာ ရှင်သန်သည် ၊၊ )

“ သေတမ်းစာ ”

တရားနဲ့တောင်မှ

ဖြေလို့မရခဲ့ဘူး

ငါ့ကို ……

ငရဲအကြီးကြီး ချပစ်ပါကွယ် ၊၊

“ ရှင်တမ်းစာ ”

မိမိကိုယ်ကို

ဥယျာဉ် ဟု ထင်မှတ်နေသော

နှင်းဆီ ရင်ကွဲ တစ်ပွင့်

အဟောင်းအတိုင်း ပွင့်လျက်ရှိသည် ၊၊

“ ကဗျာတစ်ရွက် ရဲ့ နေဝင်နေထွက်ခေတ် ”

နားလည်ပါတယ်

နားလဲ မလည်ဘူး

ဒီ ဝတ်ရုံကို ခြုံလိုက်ရုံနဲ့

ငါတို့ သူစိမ်းတွေဖြစ်သွားစေ

ငါတို့ ရန်သူတွေဖြစ်သွားစေရောလား

မနေ့ကအထိ နားလည်တယ်

မနေ့ကအထိ နားမလည်ဘူး

ဘာပဲဖြစ်ဖြစ်ပေါ့

ငါတို့ သူစိမ်းတွေလိုဖြစ်ဖို့

ငါတို့ ရန်သူတွေလိုဖြစ်ဖို့

ဒီဝတ်ရုံကို ခြုံခဲ့တယ်….

စိမ်း

စေ

လို

စိမ်း

ခဲ့

ပါ

တယ်

ကောင်းရာမွန်ရာရောက်ပါစေတော့ကွယ်…၊၊ ၊၊

“ကြာသပတေး”

“ကြာသပတေး”

ဝေး ဘူး

နီး . . . . . လည်း နီး ခဲ့ ဘူး

ဒီ လို နဲ့ ပဲ . . . . . . ကိုယ် ဟာ

မှန် ပြောင်း တစ် လက် ဖြစ် ခဲ့ တယ်

နီး လိုက် . . . . . . . ဝေး လိုက် . . . . . နဲ့

ကြိုးပြတ်သွားတဲ့ ကောင်းကင်

(၁)
“. . . .

. . . . . . .

. . . . . . . . .

. . . . . . . . . . . .

. . . . . . . . . . . . . . .”

စကားလုံး မရှိတဲ့
ကောင်းကင်မှာ
တိမ်ညိုတွေနဲ့
စီးချင်းထိုးပြီးတဲ့အခါ

ငါ့ . . .
လွယ် . . . အိတ် . . . ကြိုး . . . လေး
ပြတ် တောက် သွား ပြီ

အလင်းချင်းပြိုင်ကြတဲ့ နက္ခတ်ထဲ
ပေါက်လွှတ်ပဲစား ကြယ်တစ်စင်းဟာလည်း
သိက္ခာတရားမဲ့စွာ
ကြွေကျသွားခဲ့ရတယ်

ပန်းတိုင်ရောက်ခါနီး ဖိနပ်တွေမှာ
ခြေထောက်ပါမသွားတဲ့အတွက်
ငါရှူံးတယ် . . .
ငါ . . . ရှူံးသွားတယ်

ချစ်ခြင်းမေတ္တာနဲ့သစ္စာတရားကို
ဖက်တွယ်ချင်တဲ့
လူမိုက်ကလေးတစ်ယောက်ရဲ့
အိမ်ပြန်ချိန် . . .

အကြွင်းကတော့
သုညပါပဲကွယ် . . .

အတိတ်ဆိုတာ . . .
ရနံ့ ပြယ်ပြီးသွားတဲ့
ပန်းတစ်ပွင့်ပါ . . .

အဲဒီပန်းပွင့်လေးတွေ ခူးတဲ့နေရာမှာ
မိုးတွေ ထစ်ချုန်း . . .
လူမိုက်တစ်ယောက်ကို တိတ်တဆိတ်
ကျရှူံးခွင့်ပေးပါ . . .

(၂)
နှင်းရေ . . .
နှင်းရေ . . .
နှင်းရေ . . .
ချစ်သော နှင်းရေ . . .

နှင်းငွေ့ရိုက်ခံထားရတဲ့
ရင်ဘတ်မှာ . . .
ကော်ဖီရောင်ဆံပင်လေး သင်းထုံချိုမြ
လေတိုက်တိုင်း လွမ်းတယ်

နှုတ်ခမ်းဖူးဖူးလေးတစ်စုံဆီက
အပြုံးတစ်ချက် ဖြူပွင့်စိုသွေ့
အထပ်ထပ်အခါခါကျရှူံး
ဆက်ထုံးရယ် . . .
ပြေပါ . . . ပြေပါကွယ်

လရောင်နဲ့တူတဲ့
မျက်ဝန်းက ပြာလက် . . .
ကြယ်တွေလည်း
တဖြုတ်ဖြုတ်ကြွေကျပါရဲ့

သစ်ရွက်တို့ ခြောက်သွဲ့ခန်းညို
ရင်ခွင်မှာ လရောင်တွေ စိုတယ်
အဲဒီလိုနဲ့ . . .
ပင်လယ်ဟာ ကမ်းကို
ပျောက်နေခဲ့ရတာ ကြာပါပြီ

ငါ့အတွက်တော့ . . .
နင်ဟာ မိုးကုတ်စက်ဝိုင်းရဲ့
ပန်းရုံလွှာကိုခြုံထားတဲ့ မိန်းမပျိုဖြစ်လိမ့်မယ်
ငါ . . . ဘယ်တော့မှ
လက်ကမ်းလို့ မှီနိုင်မှာမဟုတ်ပါဘူး

ကောင်းကင်စကားတော့
တတ်အောင် သင်ချင်ပါသေးတယ်

“ကောင်းကင်ကြီးရေ . . .
လာပါ လာပါ ”
. . . . . . . လို့

(၃)
အရိပ်ကတော့
မေးပါတယ်
ကိုယ့်ကိုယ်ကို လုံအောင်
မိုးနိုင်ပြီလား . . . တဲ့

ငါ့ရဲ့လဟာ
ဝါးလုံးခေါင်းလေးထဲမှာပါ
တိမ်မရှိတော့
ငါလည်း မျက်နှာ ငယ်တတ်တယ်

တနင်္ဂနွေကသူရဲ့ ကိုင်းမှာ
နှင်းဆီ အပြိုင်းပြိုင်း
ပွင့်ပေးနေတယ်
ငါလေ . . . ပန်ပေးချင်လိုက်တာ
ငါလေ . . . နင့်ကို
နင့်ကို
. . . .
. . . .
. . . .
. . . .
. . . .
. . . .
. . . .
. . . .
. . . .


မြောက်ပြန်လေနဲ့
ကမ္ဘာကို အထပ်ထပ်ပတ်ပြီးရင်
ငါ့ဆီ ပြန်လာပါနော်
ငါ့ဆီ ပြန်လာပါ နှင်းရယ်

ပွဲတော်မှာ . . .
မီးတောက်တွေ တလဲ့လဲ့ပြာချုန်း
ဓါးသွား အဆုံးထိနစ်မြုပ်
နှလုံးသားက အက္ခရာ
ဆယ်ကမ္ဘာအထပ်ထပ်
ရစ်တွယ်နှောင်ပတ်
ကျွန်းတွေ တစ်ဖက် တစ်ချက်
ခြားသွားကြပြီ

ချစ်သော နှင်းရေ
နေရောင်ခြည်တွေနဲ့ နှင်းရေ
ငါ့ကို . . .
ကယ်မြဲကယ်တင်ပေးပါလားကွယ်

ဘဝမှာ မှောင်မြဲမှောင်နေတာမို့
ရက်စက်ခြင်းနဲ့ပဲဖြစ်ဖြစ်
ချစ်သူရဲ့ လက်အတွင်း
တနင့်နင့် ကျဆင်းခွင့်ပေးပါ

“ ဖိနပ်က ဖိနပ်လိုနေပေါ့နော်
ထီးတွေကြားထဲ ဝင်တိုးရုံနဲ့မြင့်တက်လာတာမှ မဟုတ်တာ”
သေစေလို့ အမိန့်ကျမလာပါဘူး
ငါကတော့ နှစ်ခါပြန် ကွပ်မျက်ခံလိုက်ရတယ်

အဝေးကြီး ဝေးသွားတာနဲ့
နီးနီးလေး ဝေးသွားတဲ့ အဝေးဆိုးနှစ်ခုမှာ
နံပါတ်တစ်တော့ ချိတ်ခဲ့ပါရဲ့လေ
အခုတော့ …
အခုတော့လည်း … ကွယ် …

(၄)
ငါက . . .
လယ်ကွင်းစောင့်ချင်တဲ့
စာခြောက်ရုပ်သက်သက်
နေရောင်ခြည်ကို ချစ်တတ်တဲ့
သစ်ပင်အိုကြီး သက်သက်

ကိုယ့်ကိုယ်ကိုပဲ စိုစေပြီး
နင့်အတွက်တိတ်ထားတဲ့
ကွက်ကြားမိုး သက်သက်
နင့်အရှေ့မှာ ရပ်နေပေးချင်တဲ့
ဒိုင်းတစ်လက် သက်သက်

ကျောက်ဆူးနဲ့ မချည်နှောင်ရက်လို့
ငါ့ကိုယ်ငါပဲ ရစ်ပတ်နေမိတဲ့ ဖဲကြိုးလေး
သက်သက်ပါ . . .

ပန်းပွင့်သေးသေးလေးတွေက
နေရောင်ခြည်ကို ချစ်သလိုမျိုး
တံခါးတွေက တံခါးတွေကို
ချစ်သလိုမျိုး

ပျားတစ်ကောင်ဟာ ပျားဘုရင်မကို
ချစ်သလိုမျိုး
ဆောင်းဟာ နှင်းကို
ချစ်သလိုမျိုး

အကြားအာရုံဟာ ဂီတသံကို
ချစ်သလိုမျိုး
ဥသြငှက်ကလေးတွေက နွေဦးလေပြေကို
ချစ်သလိုမျိုး

သေမင်းက လူတွေကိုချစ်သလိုမျိုး
အဲဒါတွေ အားလုံးထပ်
နှင်းရေ စက်လက်
ထာဝရအဆက်ဆက် ချစ်တယ်

ဤမှန်သော စကားကြောင့်
စကားကြောင့် . . .
စ ကား ကြောင် . . . .
စ ကား ကြောင့် . . . .
…………………
…………………
…………………
…………………
အဲဒီသစ္စာတရားတွေ မိုးပေါ်ကို
လွှတ်တင်လိုက်တယ်နော်

(၅)
မုန်တိုင်းဟာ ချစ်သူတစ်ယောက်ရဲ့
ရွှေရောင်အိပ်မက်အတွက်
ကိုယ့်ကိုယ်ကို ဆွဲငင်ရင်း
အားပျော့ပျက်ပြယ်သွားတယ်

ကမ်းစပ်ကို ပြေးတက်ချင်တဲ့
လှိုင်းလုံးကလေးတွေကလည်း
ကျောက်ဆောင်နားအရောက်မှာ
မွသုဉ်းအက်ကွဲ သွားပါပြီ

လဟာ နေနဲ့အတူမနေ
မိုးက မြေကို ငုံ့ပြီးမလွမ်း
ကျောက်စရစ်ခဲကို အခါခါနမ်းချင်တဲ့
ငှက်တစ်ကောင်ရဲ့ နိဂုံးပေါ့

နှင်းရေ . . .
အိပ်မက်တွေထဲမှာ တွေ့ရင်
မမေ့ကြေးနော်

သစ်အုပ်ကို လွမ်းဖူးတဲ့
မြင်းတစ်ကောင်ဟာ
ခွာရာအပြိုင်းပြိုင်းနဲ့
ညနေအိုမှာ ရိုင်းချင်ရိုင်းနေလိမ့်မယ်

သူဟာ ချစ်သူကို . . .
ဖူးရုံ ၊ ပွင့်လာရုံပဲ ပျိုးပေးချင်တဲ့
လူမိုက် . . .
လူမိုက် . . .
လူမိုက် . . .
လူမိုက် . . .
လူမိုက်တစ်ယောက်ပါ

သွားတော့
သွားပါတော့ . . .
ကိုယ်ယောင်ဖျောက်လို့သွားပါတော့
နှင်းရယ် . . .

(၆)
ညှင်းသွဲ့လေပြေ
တစ်ဖက်ခြားခဲ့သော မျဉ်း
ဆန့်ကျင့်ဖက်လားရာက
နှင်းမှုန်ခြေသံ . . .
ငါ့အနားက ကွယ်ပျောက်ထုံဝင်း
ပန်းရနံ့လေး သင်း၊သင်းကျန်ခဲ့တယ်

ကြိုးတွေဖြတ်တောက်ပြီး
ငါ့ရင်ထဲ ပြေးဝင်မယ့် ဓါးသွား
ချွန်းတမြမြ ထက်ရှနိုင်ပါစေ

စစ်ရှူံးလူတစ်ယောက်ရဲ့
ညဉ့်ဦးယံမှာ . . .
နင့်အပါးကတေးသံတွေနဲ့လည်း
မြူးသည်ထက်မြူးနိုင်ပါစေ

အနာဂါတ်ဆိုတာ
ဝတ်မှုန်တွေ ကူးတဲ့လမ်းက
မွှေးမြတဲ့ အလင်းရနံ့တွေပေါ့

ချစ်သူရေ . . .
လမင်းဝိုင်းစက်စက်နားမှာ
ကြယ်တွေဟာ ဝန်းရံနေလိမ့်မယ်
သူတို့ရဲ့ မျက်ရည်တွေနဲ့
စိမ်းချိုရစ်မူးအောင် ကွေးကောက်ပြကြလိမ့်မယ်

(၇)
ဝေးရစေမယ် . . .
ဝေးကို ဝေးရစေမယ် . . . ဆိုတဲ့
ကျည်ဆံ တစ်ထောင့်
ဟော့ဒီ ကောင်းကင်ကို ပစ်ဖောက်လိုက်တယ်

အဲဒီလိုနဲ့
နေရောင်ခြည်မရှိတဲ့ ပန်းကလေးတွေဟာလည်း
မမှီနိုင်တဲ့ လက်ကို ကမ်းရင်း
တဖြည်းဖြည်း ကြွေကျသွားခဲ့ပါပြီ

ဘာထူးလဲ . . .
နှင်းစက်တွေကို လက်တွဲခိုချင်တဲ့
လူတစ်ယောက်ရဲ့ နိဂုံး
ဘာထူးသတဲ့လဲ . . .

နေရောင်လရောင်ထဲက
ဆွတ်ပျံ့တဲ့ ချစ်သူ့ ကေသာဦး
လွမ်းမောဖွယ် ညတွေနဲ့
တွဲအိဝန်းစက်နေတဲ့ လမင်း
ငါအဝေးကနေရင်း ငေးပါတော့မယ်လေ

မမေ့ဘူး . . .
နှလုံးသားပေါ်ရေးထိုးထားတဲ့
နင့်နာမည် အနာရွတ်တစ်ခု
ငါဘယ်တော့မှ မေ့လို့ရမှာမဟုတ်ဘူး

နှင်းရေ . . .

နှင်း ရေ . . . .

ချစ်သော . . . . .

နှင်းရေ . . . . . . . . .

ချစ်သော နှင်းရေ . . . . . .

သမိုင်းမှာတော့ မရှိသေးဘူးပေါ့လေ
ဒါပေမယ့် . . .
ချစ်သူအတွက် သစ္စာအရောင်နဲ့
ရနံ့တွေ ပြာဝင့်
တစ်ခါ ပြန်ပွင့်ခွင့်ရချင်သေးတယ်

အဲဒီအခါ . . . .
ငါ့ကို ပန်ပါ . . .
ငါ့ကို ပန်ပါ . . .
ငါ့ကို ပန်ပါ ချစ်သူရယ် . . .။