သောကြာထောင့်က ကြယ်တွန်သံ

လက်လှမ်းမှီသလို အလိပ်လိုက်

ဖွင့်ထားတဲ့ ကောင်းကင်မှာ

ည ကို ခန်းလုံးပြည့် တပ်ဆင်

စားပွဲစွန်းပေါ်က မီးအိမ်လေးတောင်

“ မှောင် ”



အမြဲတမ်းရပ်နေတဲ့ လက်ပတ်နာရီနဲ့

ရက်မပြောင်းတော့တဲ့ အိတ်ဆောင်ပြက္ခဒိန်

မကြည့်ဖြစ်တော့တာ ( မကြည့်ဝံ့တော့တာ )

အတော်အတန်ကို ကြာခဲ့ပြီ ။



အင်္ကျီအိပ်ကပ်ထဲက

တဆစ်ဆစ် “ အောင့် ” တယ် ။

ခပ်ဖွဖွ ခြုံထားတဲ့ မျက်ရည်စတွေက

စာရွက်လွတ် နဲ့ ဘောပင်ကို ကောက်ကိုင်တယ် ။



“ လ ကလည်း သူ့အရိပ်သူခို

ည ကလည်း သူ့အရိပ်သူခို

အရိပ်တစ်ခု ငတ်တယ်လို့

ညနေခင်းက ပြောတယ် ။

ရွှန်းလက်တောက်ပတဲ့ ကြယ်တစ်စင်း ငတ်တယ်လို့

ညနေခင်းက ပြောတယ် ။

ငါ့အရိပ်ကိုတော့ နွေပူပူကျဲမှာ

ထီးဖွင့်နေတုန်း အခိုးခံလိုက်ရတယ် ။ ”



အဲ့ဒီနေ့က

ငါ တစ်ယောက်တည်းကွက်ပြီး

ပြက္ခဒိန်တွေ “ မှား ”

နေနာရီလေးကပြောတယ် ။

“ ညနေ ၅ နာရီ ထိုးပြီ ” တဲ့

ညတွေ ခါးတယ် ။

ရင်ဘတ်တစ်ခြမ်း ငတ်တယ် ။
0 Responses